Sunday 5 August 2012

ဘုရားဂုဏ်တော်(၉)ပါး

ဘုရားဂုဏ်တော်-၉-ပါး

အရဟံဂုဏ်တော်ဖွင့်၊ ကျက်မှတ်ရန်

၁။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ်ထောင့်ငါးရာ ကိလေသာတို့ ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့် လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၂။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သဗ္ဗဉ်ဥာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ၀ိကာရနှင့် လက္ခဏ ပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဥေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့် လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည် တကား။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၃။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သုံးပါး ရှစ်ပါး ၂ မျိုးအားဖြင့် ဟောထားပညာ ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ် အမြိုက် ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သုဂတဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၎။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ ထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံပြည့်ညီလျက် သုံးလီဘ၀ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဥာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

လောက၀ိဒူဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၅။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း လောက၀ိဒူ-လောက၀ိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော် မူပါပေသည်တကား။

အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၆။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန် သတ္တ၀ါမှန်သော် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ အောက်အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရော ပုရိသဒမ္မသာရထိ- အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သတ္တာ ဒေ၀မနုဿာနံ ဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၇။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္ထ၀ါဟော်၊ ကုန်သည်ကျော်သည်၊ ဖော်လှော်ငယ်သား၊ နောက်ပါများကို၊ ရေရှား ဘေးခ၊ ကန္တာရမှ၊ ခေမမြေငူ၊ ထုတ်ကယ်ယူသို့၊ ထို့တူတစိ၊ ခဲယဉ်းဘိသည့်၊ ဇာတိဇရာ၊ မရဏာဟု၊ ကန္တာရကြမ်း၊ ခရီးလမ်းမှ ရွှေနန်းမြေငူ၊ ပြည်နိဗ္ဗူသို့၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါတို့၊ ကောင်းစွာဆောင်ယူ၊ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာ ဒေ၀မနုဿနံ - သတ္ထာ ဒေ၀မနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဗုဒ္ဓဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၈။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခ သမုဒယ၊ နိရောဓနှင့် မဂ္ဂမည်သာ၊ လေးသစ္စာကို ဦးစွာပိုင်ပိုင်၊ သိမြင်နိုင်၍၊ သုံးဆိုင်ဝေနေ၊ များဗိုလ်ခြေကို၊ မသွေအတူ၊ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဘဂ၀ါဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၉။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော "အဏိမာ" ဘုန်းတော်...
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန်၊ ဈာန်ပျံကြွသွားနိုင်သော "လဃိမာ" ဘုန်းတော် ...
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား၊ မနှိုင်းအားဖို့၊ ကြီးမားလေအောင်၊ ရုပ်ဆောင် ဖန်ဆင်းနိုင်သော "မဟိမာ" ဘုန်းတော်...
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တခဏလောက်ဖြင့် ကြွရောက်နိုင်သော "ပတ္တိ" ဘုန်းတော်....
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တခဏတည်းဖြင့် ပြီးစီးနိုင်သာ "ပါကမ္မ" ဘုန်းတော်...
ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း၊ လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုး နိုင်သော "ဤသိတာ" ဘုန်းတော်...
သမာပတ်ဈာန်၊ အဘိညာဏ်ကို၊ ၀င်စံလိုက၊ တခဏချင်းပိုင်၊ ၀င်စားနိုင်သော "၀သိတာ" ဘုန်းတော်...
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော်၊ ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော "ယတ္ထကာမာ ၀သာယိတာ" ဘုန်းတော်...
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ "ဣဿရိယ" ဘုန်းတော်....
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရား ဟူသော "ဓမ္မ" ဘုန်းတော် ...
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့ထင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော "ယသ" ဘုန်းတော်...
ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ၊ ကျက်သရေ မင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော "သိရီ" ဘုန်းတော်....
အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် "ကာမ" ဘုန်းတော်....
တလောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော "ပယတ္တ" ဘုန်းတော်....
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင့်ကြောင့်လည်း၊ ဘဂ၀ါ-ဘဂ၀ါ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။( အဆင်မပြေရင်ပြန်ပြောနော်)

ဗုဒ္ဓဘာသာဝင် လူတိုင်းမှာ သဒ္ဓါတရားရှိဖို့ အရေးကြီးပါတယ်....ဒီတော့ သဒ္ဓါတရား
ဆိုတာ မြတ်ဗုဒ္ဓရဲ့  ဂုဏ်တော်တွေကို ယုံကြည်ခြင်း.....ကံတရားနှင့် ထိုကံတရား၏
အကျိုးတွေကို ယုံကြည်ခြင်းတွေပါ ပဲ.......သဒ္ဓါတရား ရှိမှ အရာရာကို အောင်မြင်နိုင်
မှာပါ ..အထူးသဖြင့် မဂ် ဖိုလ် ရဖို့ပေါ့........

ပညာရှိတွေက လူ့ဘ၀ခန္ဓာကိုယ်ကြီးကို ..တရားရဖို့ အတွက်..အကျိုးရှိရှိသုံးတတ်ကြပြီး
ပညာမဲ့ သူတွေကတော့ လူ့ဘ၀ခန္ဓာကိုယ်ကြီးကို ကာမဂုဏ်စည်းစိမ်တွေခံစားဖို့...
များများ အသုံးချကြပါတယ်...........................။ ။

သံစဉ်.........

No comments:

Post a Comment